"စကု၊ စလင်းနှင့် မြန်မာလင်းချောင်းဒေသ"
တစ်နေရာတွင် မြစ်ဘက်သို့ကိုင်းနေသော စစ်ပင်ကြီးနှင့်ငြိမိရာမှစန္ဒမုခိ မည်သောဘီလူးမသည် ဖောင်ပေါ် သို့ တိတ်တခိုးတက်ရောက်လိုက်ပါလာခဲ့၏။(စစ်ပင်ကြီးကိုင်းနေသောကြောင့် စစ်ကိုင်း ဟုအမည်တွင်ခဲ့ သည်) ညီနောင်နှစ်ပါး ပွဲတော်တည်တိုင်း ဘီလူမကပါ နှိုက်၍စားသဖြင့် မင်းသားများ ထမင်းမ၀ကြချေ။ ထို့ကြောင့် ဥပါယ်တံမျဉ်ဖြင့် ထမင်းလုပ်ကို ဝှေ့၍ နှိုက်ရာမှ ဘီလူမ၏လက်ကို ဖမ်းကိုင်မိကြလေသည်။ ဘီလူးမက အသက်ကို ချမ်းသာပေးပါ စက္ခုနှစ်ကွင်း အလင်းရအောင်ကုပေးပါမည်- ဟုဆိုသဖြင့် ကုသစေရာ စတင်ကုသောနေရာကို "စကု" ဟုခေါ်စေကြောင်း ထိုမှတဖန် စက္ခုနှစ်ကွင်း စတင်လင်းသော နေရာကို "စလင်း" ဟုခေါ်စေကြောင်း ..
ဤသည်မှာ ငယ်စဉ်မှစ၍ ကြားနာခဲ့ရသော သမရိုးကျ တကောင်းရာဇ၀င်ဖြစ်ပါသည်။ သို့သော် အသက်အရွယ်ရလာသောအခါ ထိုရာဇ၀င်မှ စဉ်းစားစရာအချက်ကလေးများကို စတင်တွေ့မြင်လာမိပါ တော့၏။
ဆိုပါစို့...စက္ခုနှစ်ကွင်း စတင်ကုသပေးသောနေရာအား "စကု" ဟုခေါ်ကြောင်းလက်ခံပါ၏။ စက္ခုနှစ်ကွင်း စတင်လင်းသောနေရာအား "စလင်း" ဟုခေါ်ကြောင်းနှင့်ပတ်သက်၍မူ စဉ်းစားစရာ ဖြစ်နေပါသည်။ ဘာကြောင့်လဲတဲ့... ပထ၀ီအနေအထားအရ စလင်းသည် အထက်(မြောက်)ဘက်ကျပြီး စကုသည် အောက်(တောင်)ဘက်မှာရှိပါသည်။ ဖောင်သည် မြောက်မှတောင်သို့မျောပါလာခြင်းဖြစ်ရာ စလင်းကိုဖြတ်သန်းပြီးမှ စကုသို့ရောက်ရမည်ဖြစ်ပါသည်။ စကုမှာ စတင်ကုသပြီး စလင်းမှာ လင်းရမည် ဆိုပါလျှင် ဖောင်သည် တောင်မှမြောက်သို့ ပြန်လှည့်ရမည်ဖြစ်ပါသည်။ ဤအချက်ကား စဉ်းစားစရာပင်
ဤအချက်နှင့်ပတ်သက်၍ ဆောင်းပါးရှင်တစ်ဦးက ဝေဖန်ထားသည်ကိုလည်း ဖတ်ခဲ့ရဖူးပါသည်။ ထို့ပြင် ဧရာဝတီမြစ်၏ အနောက်ဖက်ကမ်းရှိ ရွာလင်းဆိုသောရွာဖြစ်နိုင်ကြောင်း ဝေဖန်ထောက်ပြ ထားသည်ကို လည်း ဖတ်ခဲ့ရဖူးပါ၏။ ရွာလင်းမှာ ဆင်ပေါင်ဝဲမြို့၏ မြောက်ဘက်ကျကျတွင်ရှိပြီး အောင်လံမြို့နှင့်မိုင် (၄၀) နီးပါး ဝေးကွာလွန်းပါသည်။ လက်ခံနိုင်သော ပထ၀ီအနေအထားမျိုးမဟုတ်ပြန်ပေ ။
ဤသို့ဤနှယ် အပြန်ပြန်အထပ်ထပ်ပင် စက္ခုနှစ်ကွင်း အလင်းရရာဒေသကို ကြံဆတွေးတောမိခဲ့ပါ၏။ ဤတွင် အောင်လံမြို့၏ မြောက်ဘက်၊(၇)မိုင်ခန့်ကွာ ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းရှိ မြန်မာလင်းချောင်းဆိုသော ကျေးရွာ(၂)ရွာကို တွေ့ရှိခဲ့ရပါတော့သည်။ မြန်မာရွာသည် တောင်ဘက်၊ လင်းချောင်းရွာသည် မြောက်ဘက်ဖြစ်ပါ၏။
ဆိုပါစို့...ကျေးရွာတစ်ရွာကို မြန်မာဟု မှည့်ခေါ်ထားသည်မှာ ထူးဆန်းသလိုဖြစ်နေသဖြင့် သမိုင်းအခြေခံကို လေ့လာစူးစမ်းမိပါသည်။ ဤတွင် မူရင်းစကားရပ် မြင်ပါ၊ လင်းကြောင်းမှ ရွေ့လျားဖြစ်ပေါ်လာသောအမည်ဖြစ်ကြောင်း လေ့လာသိရှိခဲ့ရပါတော့၏။ မူရင်း မြင်ပါလင်းကြောင်းမှ မြန်မာလင်းချောင်းဟု ပြောင်းလဲလာခြင်းဖြစ်သည်။ မြင်ပါလင်းကြောင်း၏အဓိပ္ပါယ်မှာ...သမ္ဘာဝညီနောင်တို့ စက္ခုနှစ်ကွင်း အလင်းရသောအခါ နောင်တော်က "ဟဲ့..ညီတော်တို့ရဲ့ မြင်ရဲ့လား၊ လင်းရဲ့လားကွယ့်"ဟု အမေးတော်ရှိရာတွင် ညီတော်က..."မှန်ပါ..မြင်ကြောင်းပါ၊ လင်းကြောင်းပါဘုရား" ဟုပြန်လည်သံတော်ဦး တင်ခဲ့သော စကားရပ်ကိုအစွဲပြု၍ မြင်ပါလင်းကြောင်းဟု ခေါ်ခဲ့ကြောင်း မှတ်ထားခဲ့ရပါတော့သည်။ အဆိုပါ မြင်ပါလင်းကြောင်းမှ ယခုအခါ မြန်မာလင်းချောင်း ဖြစ်ခဲ့ရခြင်း ဖြစ်ပါသည်။
ဤအချက်သည် အရပ်စကားမျှသာဖြစ်သော်လည်း လက်ခံနိုင်လောက်သောအနေအထားမှာ ရှိနေပါ၏။ မူလ လက်ခံထားသော စလင်းဆိုသည်မှာ အမည်မျှသာ နီးစပ်မှုရှိပြီး ကာလ၊ ဒေသအရ လိုက်လျောညီထွေမှု မရှိလှပေ။ ထို့ကြောင့် စက္ခုနှစ်ကွင်းအလင်းရရာ ဒေသနှင့်ပတ်သက်၍ အထက်အညာရှိ စလင်းမြို့နှင့်မြန်မာ၊ လင်းချောင်းဆိုသော ရွာငယ်လေးနှစ်ရွာကိုယှဉ်၍ စဉ်းစားရပေမည်။
ဖြစ်နိုင်ချေရှိသည်မှာ စကုတွင် စတင်ကုသပြီး နှစ်ညအိပ်သုံးရက်ခန့် စုန်ဆင်းလျှင် ရောက်နိုင်သော မြင်ပါလင်းကြောင်းဒေသတွင် စတင်လင်းသည်ဟုဆိုပါက လိုက်လျောညီထွေလက်ခံနိုင်သော အခြေအနေသာဖြစ်ပေတော့၏။
စင်စစ်တော့ မြန်မာ၊ လင်းချောင်းဆိုသော ရွာငယ်လေးနှစ်ရွာမှာ စလင်းမြို့နှင့်ယှဉ်ပြိုင်ပြီး ရာဇ၀င်ထဲကို တိုးဝင်ဖို့ရာ မ၀ံ့ရဲရှာပြီ။ သမိုင်းကိုချစ်သော သမိုင်းသုတေသီတို့က ထည့်သွင်းနေရာပေးရန်သာ ဖြစ်ပါတော့၏။
Credit - အောင်လံသုခိတာ
သမိုင်းပုံပြင်နှင့် သမိုင်းသည် တူသလိုနှင့် ကွဲသည်။ မြေထဲမြို့ဟောင်းသည် ကြေးနီချောင်းဝ၌ တည်သောကြောင့် ပြန်ထည်တူးဖေါ်ရာမှာ အထောက်ထားကောင်း ရနိုင်ဖို့မလွယ်။ သို့သော် သမိုင်းပုံပြင်က မြို့အမည် ကျန်နေသေးသည်။ အထောက်အထားကောင်းကို မိုးဖုံးရွာကြီးဖက်က ရနိုင်ကောင်းသည်။ မိုးဖုန်း မြေထဲသည် တဆက်တည်း ဖြစ်သည်။ မြင်ပါလင်းပါရွာသည် လည်း အရေးပါသည်။ မြေထဲသည် သရေခေတ္တရာ နှင့် ပိဿတိုး (သို့) သတိုး (ယခုအခေါ် ဗိဿနိုး)မြို့များကြားမှ ကင်းထောက်မြို့ ဖြစ်ပုံရသည်။ စလင်းမြို့သည် နောက်ကျမှ စည်ကားသောမြို့ ဖြစ်သည်။ သမိုင်းပုံပြင်ထဲက မြို့မဟုတ်ပါ။
ReplyDelete